ကျော်ဖုန်းကျော် | Thursday, 11 December 2014
 |
ရန်ကုန်မြို့တော်ခန်းမ။ အဲဒီခန်းမကြီးထဲမှာ အသစ်တက်လာတဲ့ မြို့တော်အဆင့် လူထုကိုယ်စားလှယ်လေးဦးလည်း မြို့တော်ဝန်နဲ့အတူတူရုံးထိုင်ကြမှာဖြစ်ပါတယ်။ Photo: filckr.com |
သင်ဟာ ရန်ကုန်သား တစ်ယောက်ဖြစ်တယ် ဆိုဦးတော့ အသက် ၈၃ နှစ်အရွယ် အဘိုးကြီး၊
အဘွားကြီး မဟုတ်သေးဘူးဆိုရင် စည်ပင်သာယာ ရွေးကောက်ပွဲမှာ မဲပေးဖူးမှာ မဟုတ်ပါဘူး။
အကြောင်းက လွတ်လပ်ရေးရပြီး နောက်တစ်နှစ်ကတည်းက ရန်ကုန်မြို့မှာ စည်ပင်သာယာ
ရွေးကောက်ပွဲဆိုတာမျိုး လုံးဝကို မရှိတော့တာကြောင့်ပါ။
စည်ပင် ရွေးကောက်ပွဲ မလုပ်တာ ၆၅ နှစ်ကြာခဲ့ပါပြီ။ မြန်မာတစ်နိုင်ငံလုံးမှာ ရန်ကုန်မြို့တော်
နယ်နိမိတ်ဟာ လူဦးရေ အသိပ်သည်းဆုံး ဖြစ်ပါတယ်။
ရန်ကုန်တစ်မြို့တည်းမှာတင် လူရှစ်သန်းခန့် နေထိုင်ကြောင်း သန်းခေါင် စာရင်းမှတ်တမ်းတွေမှာ
တွေ့ရပါတယ်။
အဲဒီ သန်းပေါင်းများစွာသော လူတွေအတွက် ရေ၊ မိလ္လာ၊ သန့်ရှင်းရေးစတဲ့ နေ့စဉ်ဘဝ
လိုအပ်ချက်တွေကို ၀န်ဆောင်မှုပေးရတဲ့ အဖွဲ့အစည်းကြီးကို စီမံခန့်ခွဲမယ့်ပုဂ္ဂိုလ်တွေကို ယခုလ
၂၇ ရက်နေ့မှာ ရွေးချယ်တော့မှာပါ။
မြို့တော်စည်ပင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးတင်အေး ကတော့ နိုင်ငံရေးစနစ်က
ဒီမိုကရေစီဆိုရင် အဲဒီနိုင်ငံရေးစနစ်နဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်းတွေရှိဖို့ လိုအပ်လို့
ဒီရွေးကောက်ပွဲကို ကျင်းပတာလို့ ဆိုပါတယ်။
"နိုင်ငံရေးစနစ်ဟာ ပြည်သူတွေ ပူးပေါင်း ပါဝင်တဲ့စနစ်ဖြစ်လာတာနဲ့အမျှ (အဖွဲ့အစည်းတွေမှာ)
ပြည်သူတွေက ရွေးကောက်တင် မြှောက်တဲ့ ကိုယ်စားလှယ်တွေ ပါလာဖို့ လိုတယ်"လို့ သူက
ပြောပါတယ်။
စိန်ခေါ်မှုတွေရှိ
ဒါပေမဲ့လည်း ဆယ်စုနှစ်ပေါင်းများစွာ ဒီလိုရွေးကောက်ပွဲကို ကျင်းပခဲ့တဲ့အစဉ် အလာမရှိခဲ့တဲ့အပြင်
အခုရွေးကောက်ပွဲ အတွက် ပြင်ဆင်ချိန်ဟာလည်း အချိန် သုံးလသာ ရခဲ့တာကြောင့် စိန်ခေါ်မှုတွေ
ရှိနေတယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ဆိုပါတယ်။
ရန်ကုန်အနောက်ပိုင်းခရိုင်ကနေ ခရိုင်အဆင့် ၀င်ပြိုင်မယ့် ရဲကျော်စွာဆုတံဆိပ်ရှင် မီးသတ်
ဒုတပ်ရင်းမှူး ဦးအောင်လှဟာ ယခုလ ၃ ရက်နေ့က သူ့မဲဆန္ဒနယ်ဖြစ်တဲ့ ကြည့်မြင်တိုင်
တစ်ဖက်ကမ်းက ရွာတွေကို ဆိုင်ကယ်နဲ့ လှည့်လည်စည်းရုံးရေး ဆင်းတဲ့အခါ ပြဿနာတချို့ကို
တွေ့ခဲ့ရပါတယ်။
သူ့မဲဆန္ဒနယ်ထဲက အိမ်ထောင်စု ထောင်ပေါင်းတွေ မဲပေးခွင့် ဆုံးရှုံးနေတာပါ။
"အားနည်းချက်ကတော့ အချိန်မရတာပဲ။ မဲစာရင်းတွေကို တစ်ပတ်အတွင်းလောက်
အပြီးလုပ်ကြတော့ ဘယ်လိုမှ မမီနိုင်ဘူးလေ" လို့ သူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
သူ့ရဲ့ မဲဆန္ဒနယ်အတွင်းက အိမ်ထောင်စု ၂,၀၀၀ ကျော်လောက် မဲစာရင်းထဲမှာ မပါဘဲ
ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စအတွက် ကော်မရှင်က အစည်းအဝေးထိုင်ပြီး မဲစာရင်းတွေကို ပြန်စစ်ကာ ထပ်တိုးဖို့
လုပ်သွားမယ်လို့တော့ သိရပါတယ်။
အငြင်းပွားမှုများ
ဒီလိုကိစ္စတွေအပြင် ကိုယ်စားလှယ် လောင်းတချို့ရဲ့ အငြင်းပွားမှုတွေလည်း ရှိနေပါသေးတယ်။
ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်ဆိုင်းဘုတ်စိုက်ထူခွင့်
မြို့တော်စည်ပင်က ခွင့်မပြုပါဘူး။
ဒါပေမဲ့ ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်သူ ဒေါ်ဆူဇန်နာလှလှစိုး က "ကျွန်မတို့ကိုတော့
ကော်မရှင်က ဆိုင်းဘုတ်ထူခွင့် မပေးပါဘူး။ ဒါပေမဲ့ တချို့လူတွေကတော့ ဆိုင်းဘုတ်တွေ
တင်နေတာတွေ့ရပါတယ်။ ကျွန်မကို ဓာတ်ပုံတွေရိုက်ပြီး ပို့ပေးထားတာတွေ ရှိပါတယ်" လို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကတော့ အဲဒီဆိုင်းဘုတ်တွေဟာ သူတို့ထောင်ခွင့်ပြုထားတာ
မဟုတ်ဘဲ မကြာခင် ဖြုတ်ချခိုင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
မဲဆွယ်စည်းရုံးဖို့အတွက် အချိန် သိပ်မကျန်တော့တဲ့ အချိန်မှာ မဲဆွယ်ပွဲအတွက် ခွင့်ပြုမိန့်တွေ
တင်နေရတာဟာလည်း အခက်အခဲ တစ်ခုဖြစ်နေကြောင်း ဒေါ်ဆူဇန်နာလှလှစိုး က ပြောပါတယ်။
"ရက်တွေကလည်း အရမ်းနည်းနေပြီ၊ ကျွန်မ ပြိုင်ရမှာကလည်း မြို့နယ်ခုနစ်ခုတောင်ဆိုတော့
တော်တော်လေးကို တက်သုတ်ရိုက်လုပ်မှပဲ ရတော့မယ်"လို့ သူက ပြောပါတယ်။
အလားတူပင် မဲရုံစောင့်ကြည့်မယ့် မဲရုံ ကိုယ်စားလှယ် အမည်စာရင်းပေးရန်လည်း
အချိန်သုံးရက်သာပေးသဖြင့် အလွန်ခက်ခဲကြောင်း သူက ပြောပါသေးတယ်။
"ကျွန်မ မြို့နယ်ခုနစ်မြို့နယ်မှာ မဲရုံ ၃၆၇ ရုံ ရှိတယ်။ အဲဒါကို တစ်ရုံတစ်ယောက်နဲ့ လူ သုံးရာ
ကျော်ကြီးကို သုံးရက်အတွင်း ဓာတ်ပုံနှစ်ပုံနဲ့ ကိုယ်ရေးရာဇ၀င် ပေးပါဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူး"လို့ သူက ပြောပါတယ်။
ရန်ကုန်အနောက်ပိုင်းခရိုင် မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း
ဦးခင်လှိုင် ကလည်း ရွေးကောက်ပွဲ ၀င်ရင် ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ရွေးကောက်ပွဲ
နည်းဥပဒေထဲမှာ ပြဋ္ဌာန်းထားတာဟာ မဆီလျော်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌထံ စာနဲ့
အကြောင်းကြားထားပါတယ်။
အဲဒီဥပဒေဟာ ယခုရွေးကောက်ပွဲ ကျင်းပဖို့ ရည်ရွယ်ပြီး မြို့တော်ဝန် ဦးလှမြင့် က လက်မှတ်
ရေးထိုးကာ လွန်ခဲ့တဲ့ သုံးလက ထုတ်ပြန်ထားတဲ့ နည်းဥပဒေဖြစ်ပါတယ်။
ဥပဒေမှာ စည်ပင်ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်း သတ်မှတ်ချက်နဲ့ ရွေးကောက်
တင်မြှောက်ခံပိုင်ခွင့် မရှိသူတွေအတွက် ကန့်သတ်ချက်တွေမှာ 'နိုင်ငံရေး မလုပ်ရ' ဟု
ပြဋ္ဌာန်းထားခြင်း မရှိဘဲ ဥပဒေရဲ့ နောက်ဆုံးပိုင်း အထွေထွေကဏ္ဍမှာသာ အဲဒီ အချက်ကို
ထည့်သွင်းထားတာဖြစ်ပါတယ်။
ယခု ကိစ္စနဲ့ပတ်သက်ပြီး မြို့တော်စည်ပင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က
"ကျွန်တော်တို့ ကော်မရှင်ကတော့ ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေအတိုင်းပဲ လုပ်ရမှာပဲ"လို့
ပြောကြားပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဟာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း
တွေနဲ့ မညီဘဲ လွဲချော်မှုတွေ ရှိနေကြောင်း၊ ရွေးကောက်ပွဲကို ဦးစီးကျင်းပမယ့် ကော်မတီဟာ
၂၀၁၃ ခုနှစ် စည်ပင်သာယာဥပဒေအရ ဖွဲ့ထားခြင်းမဟုတ်သဖြင့် ယခုရွေးကောက်ပွဲကို ၎င်းတို့က
ဦးစီးခြင်းဟာ မသင့်လျော်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က လွှတ်တော်မှာ ဝေဖန်ခဲ့ပါတယ်။
ရွေးကောက်ပွဲ အချက်အလက်များ
ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိတဲ့အနက် ရန်ကုန်မြို့တော် စည်ပင်အပိုင်
နယ်နိမိတ်ဖြစ်တဲ့ မြို့နယ် ၃၃ မြို့နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမှာပါ။
ရွေးကောက်ပွဲအတွက် ကျပ်သိန်း၅,၀၀၀ အကုန်အကျခံမှာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ သန်းခေါင်စာရင်းတစ်ခု (မိသားစုတစ်စု)ကို
၁၈ နှစ်ပြည့်သူတစ်ဦးပဲ မဲပေးခွင့်ရမှာ ဖြစ်ပြီးတော့ အဲဒီတစ်ဦးဟာ မဲပုံးခုနစ်ပုံးမှာ မဲထည့်ရမှာ
ဖြစ်ပါတယ်။
မဲရုံတိုင်းမှာ အကန့်သုံးကန့်ရှိမှာဖြစ်ပြီး ပထမဦးဆုံးအကန့်မှာ မဲပုံးတစ်ပုံးရှိမှာဖြစ်ပြီး အဲဒီပုံးဟာ
မြို့တော်အဆင့် ကော်မတီဝင်ကို ရွေးချယ်မယ့် မဲပုံးဖြစ်ပါတယ်။
ကိုယ်ကြိုက်နှစ်သက် သူရဲ့ ဘေးမှာ အမှတ်ခြစ်ပြီး ပုံးထဲ ထည့်ရမှာပါ။
နောက် နှစ်ကန့် မှာတော့ စိမ်း၊ နီ၊ ပြာ ဆိုပြီး အရောင်မတူတဲ့ မဲပုံး သုံးပုံးစီ ရှိမှာပါ။
အဲဒီသုံးပုံးကတော့ ရပ်မိရပ်ဖ၊ တတ်သိပညာရှင်၊ လူမှုရေးအတွက် ကိုယ်စားလှယ်တွေကို
ရွေးရမှာဖြစ်ပါတယ်။
မဲလက်မှတ်ကလည်း သုံးရောင်ပါ။ ကြိုက်တဲ့သူကို အမှတ်ခြစ်ပြီး လက်မှတ်နဲ့ အရောင်တူတဲ့
ပုံးထဲကို ထည့်ရမှာပါ။
အရောင် မှားထည့်ရင်လည်း ပယ်မဲမဖြစ်ဘူးလို့ ကော်မရှင်က ပြောပါတယ်။
ကျန်တာကတော့ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲကြီးအတိုင်းပဲ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲကနေ မြို့တော်အဆင့်အတွက် လေးဦး၊ ခရိုင်အဆင့်အတွက် ၁၂ ဦး မြို့နယ်အဆင့်
အတွက်ကတော့ ၉၉ ဦး စုစုပေါင်း ကိုယ်စားလှယ် စုစုပေါင်း ၁၁၅ ဦး ရွေးချယ်မှာဖြစ်ပြီး ၀င်ပြိုင်ဖို့
စာရင်းပေးထားတာကတော့ လူ ၂၉၀ ကျော်ရှိတယ်လို့ ကော်မရှင်ရဲ့ အချက်အလက်တွေအရ
သိရပါတယ်။
ဒါပေမဲ့ ဒီရွေးကောက်ပွဲကနေ တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ ဦးသိန်းစိန် အစိုးရသက်တမ်း
အတွင်းသာ အကျုံးဝင်တာကြောင့် သူတို့ တာဝန်ထမ်းဆောင်ချိန်ဟာ 'တစ်နှစ်' သက်တမ်းပဲရှိမှာ
ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ ထပ်လုပ်ရဦးမှာပါ။
 |
ရန်ကုန်မြို့ ညရှုခင်း။ အသစ်တက်လာသည့် ကော်မတီဝင်များသည် မြို့တော်လှပရေးထိန်းသိမ်းရန် တာဝန်ရှိလာမည်ဖြစ်သည်။ Photo: businessinsider.com |
ဘာတွေပြောင်းလဲသွားမလဲ
အရင်တုန်းကတော့ မြို့တော်ဝန်ကိုလည်း သမ္မတက တိုက်ရိုက်ခန့်ပြီး ကျန်တဲ့
စည်ပင်ကော်မတီဝင် လေးဦးကိုလည်း အစိုးရက ခန့်ထားပါတယ်။
အဲဒီ ငါးဦးကပဲ မြို့တော်စည်ပင်ကို အဓိကစီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
အခုရွေးကောက်ပွဲ အပြီးမှာတော့ လက်ရှိ အဲဒီ ငါးဦးအပြင် လူထုကရွေးကောက်လိုက်သူ
လေးဦးပါ ပူးပေါင်းပြီး စီမံခန့်ခွဲခွင့်ရမှာ ဖြစ်ပါတယ်။
ခရိုင်နဲ့ မြို့နယ်အဆင့်တွေမှာ ဆိုရင်လည်း ထိုနည်းတူ အရင်က အစိုးရ ၀န်ထမ်းဖြစ်တဲ့
စည်ပင်အုပ်ချုပ်ရေးမှူး တစ်ဦးတည်း စိတ်ကြိုက်ခြယ်လှယ်နေရာကနေ နောင်မှာ
လူထုကိုယ်စားလှယ်တွေက စည်ပင်သာယာကိစ္စတွေမှာ ၀င်ရောက် စီမံခွင့်ရလာမှာဖြစ်ပါတယ်။
အဲဒီအပြင် ပြည်သူက ရွေးလိုက်တဲ့သူဖြစ်တဲ့ ရပ်မိရပ်ဖကိုယ်စားလှယ်ဟာ ခရိုင်နဲ့ မြို့နယ်စည်ပင်ရဲ့
ဥက္ကဋ္ဌရာထူးကို ရရှိမှာ ဖြစ်ပါတယ်။
"အခုက မြို့တော်စည်ပင်ကော်မတီဝင်ကို တွေ့ဖို့က အင်မတန်ခက်ခဲတာ။ ဒါပေမဲ့ ကျွန်တော်သာ
ရွေးကောက်ပွဲမှာ နိုင်သွားခဲ့ရင် ရဲရဲကြီးတာဝန်ယူတာက တစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် တစ်လတစ်ခါ
သတင်းစာရှင်းလင်း ပွဲလုပ်မယ်။ ကြိုက်တာသာမေး။ မြို့တော် စည်ပင်ဆိုတာ ကာကွယ်ရေးအဖွဲ့၊
လုံခြုံရေး အဖွဲ့မဟုတ် ၀န်ဆောင်မှုပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ဘာမှလျှို့ဝှက်စရာ မလိုဘူး။
ရန်ကုန်မြို့တော်သစ် စီမံကိန်း ဘယ်ကုမ္ပဏီ ပေးမယ်ဆိုတာမျိုးကအစ ဘာမှလျှို့ဝှက်ထားစရာ
မလိုဘူး"လို့ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဦးဝင်းချို က ပြောပါတယ်။
http://kyawphonekyaw