ဆန်းလူ
မော်တော်ကားမီးခိုးညှော်နံ့တွေ၊
ပလက်ဖောင်းပေါ် လမ်းလျှောက်လို့တောင် အဆင်မပြေအောင် များပြားလှတဲ့ လမ်းဘေးဈေးသည်တွေနဲ့
ဟစ်ဟော့ပ်သီချင်းထဲကလို “ကားလမ်းပေါ် လူတွေလမ်းတွေလျှောက်တဲ့…..ရန်ကုန်” ဟာ အရှေ့တောင်အာရှရဲ့ နောက်ဆုံးချဲ့ထွင်ရမဲ့ မြေရိုင်းလို့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ဖော်ပြခံနေရတဲ့နိုင်ငံရဲ့
အခရာမြို့ ဖြစ်ပါတယ်။
![]() |
ရန်ကုန်မြို့၏ လူနေတိုက်ခန်းအချို့(ဓာတ်ပုံ-Vicky/acoupletravelers.com) |
ယခုနောက်ဆုံးအကြိမ်ကျင်းပလိုက်တဲ့
ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးကနေ ထွက်ပေါ်လာခဲ့တဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ”နဲ့အတူ အာဏာရှင်စနစ်ကနေေ
ခါင်းပြူလာတာ နှစ်နှစ်တောင်မပြည့်သေးတဲ့နိုင်ငံရဲ့ စီးပွားရေးမြို့တော်
“ရန်ကုန်”ဟာအနောက်ကလူ၊ အရှေ့ကလူ မည်သူမဆိုကို လက်ကမ်းလို့လည်းနေပါတယ်။
ဒါပေမဲ့
ရန်ကုန်ဟာလူလူသူသူ နိုင်ငံကြီးသားတွေ စတည်းချဖို့ အသင့်အနေအထားရှိပြီလို့ မဆိုသာသေးပါဘူး။
လူပင်လယ်၊ မြို့ပင်လယ်
ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့နိုင်ငံတွေဖြစ်လေ့ရှိတဲ့အတိုင်း
မြန်မာနိုင်ငံမှာကျေးလက်အလုပ်အကိုင် ပြတ်လတ်ခြင်းကို ကြုံတွေ့နေတာရာစုဝက်လောက်ရှိပြီဖြစ်တာကြောင့်
လယ်ထဲကိုင်းထဲဓါးဆွဲတံစဉ်ကိုင် ရမဲ့လူတွေဟာအိပ်မက်အမျိုးမျိုးနဲ့ ရန်ကုန်ကိုတက်လာခဲ့ကြပါတော့တယ်။
အမေရိကန်
ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ရဲ့ အချက်အလက်မှတ်တမ်းများအရ ၁၉၈၉ ကနေနောက်ပိုင်းနှစ်
၂၀ အတွင်းရန်ကုန်ဟာဆယ်ဆကျယ်ပြန့်လာခဲ့ပါသတဲ့။
မြန်မာပြည်တစ်ခုလုံးမှာ
အလုပ်အကိုင်အပေါများဆုံး ရန်ကုန်ကို အနယ်နယ်အရပ်ရပ်က လူတွေဟာ စီးဆင်းပြီးဝင်လာကြတာမို့
ရန်ကုန်ဟာလူ့စရိုက်အမျိုးမျိုးရောနေတဲ့ လူပင်လယ်ကြီး ဖြစ်လို့နေပါတယ်။ မြန်မာပြည်တဝှမ်းက
မြို့အသီးသီးအနေနဲ့လည်းရန်ကုန်နဲ့ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး ကုန်သွယ်သမှုပြုရတာမို့
ရန်ကုန်ဟာမြို့အားလုံးရဲ့စီးဝင်ရာ မြို့ပင်လယ်လည်းဖြစ်လို့နေပါ တယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)ရဲ့
တရားဝင်ကိန်းဂဏန်းအရရန်ကုန်မှာလူဦးရေ ၅.၁၄ သန်းရှိပါတယ် (အချို့မြို့ပြရေးရာပညာရှင်တွေကတော့ ၇ သန်းနီးပါးအထိရှိတယ် လို့တောင် ဆိုပါတယ်)။
YCDC က နောင်လာမယ့် နှစ်လေးဆယ်အတွင်းရန်ကုန်မြို့မှာလူဦးရေ ၁၀ သန်းအခြေချနေထိုင်မယ်
လို့လည်းခန့်မှန်းထားပါသေးတယ်။ လူ ၁၀ သန်းနေတဲ့မြို့ကို နိုင်ငံတကာစံနှုန်းအရ Mega
City လို့ခေါ်ပါတယ်။ Mega City ဆိုတာကမ္ဘာကျော် နယူးယောက်တို့၊ ပါရီတို့လိုမြို့ကြီးတွေကိုကင်ပွန်းတပ်တဲ့ဘွဲ့မျိုးဖြစ်ပါတယ်။
ရန်ကုန်ကိုအခြေချလာကြတဲ့
မိသားစုတိုးတက်နှုန်းဟာရန်ကုန်ကနေစရာအိမ်တွေ၊အခန်းတွေ ဆောက်လုပ်ပြီးစီးမှုနှုန်းထက်ွဲတောင်ပိုများနေတယ်လို့
YCDC ကဆိုထားပါတယ်။ ဒီကိစ္စဟာရန်ကုန်မြို့မှာအိမ်တွေ၊ တိုက်ခန်းတွေ ပြတ်လပ်မှုနဲ့ကြုံတွေ့နေရခြင်းပြဿနာကိုအချိန်နှင့်အမျှ
မီးထိုးပေးလို့နေပါတယ်။
ကမ္ဘာ့ပြူတင်းပေါက်မှာထိုင်ဖို့တစ်နေရာ
နိုင်ငံခြာသားရင်းနှီးမြှုပ်နှံသူတွေဒီနိုင်ငံကိုလာပြီဆိုရင်
သူတို့အတွက် ရန်ကုန်ဟာ မြန်မာကနေကမ္ဘာကို လှမ်းဆက်သွယ်ရမဲ့ ပြူတင်းပေါက်တစ်ခုဖြစ်လို့လာမှာပါ။
အကြောင်းကနန်းကျသွားပြီဖြစ်ပေမဲ့
တစ်ချိန်က မြန်မာပြည်မြို့တော်ဖြစ်ခဲ့တဲ့ အရှိန်အဝါကြောင့် ရန်ကုန်ဟာစီးပွားရေးအရအခြေချဖို့အသင့်တော်ဆုံးအဖြစ်ကျန်နေသေးတာကြောင့်ပါ။
ရန်ကုန်မှာဘွဲ့ရတဲ့လူငယ်ပေါတယ်၊
အမျိုးအစားစုံလင်တဲ့ လုပ်ငန်းတွေလည်းအခြေတကျရှိနှင့်တယ်၊ တစ်နိုင်ငံလုံးနဲ့ ကုန်သွယ်နေတဲ့
ကုန်စည်ဒိုင်ကြီးတွေ အခြေစိုက်ကြတယ်၊ နောက်ပြီး ပင်လယ်ကူးသင်္ဘော ဆိပ်ကမ်း “သီလဝါ”ကလည်းမလှမ်းမကမ်း။
တရားဝင်
စီးပွားရေးမြို့တော်အဖြစ်သတ်မှတ်ထားတဲ့ ရန်ကုန်ဟာ မြန်မာပြည်မှာစတည်းချမဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအတွက်
စီမံခန့်ခွဲရေးစခန်းတွေ အခြေချရမဲ့ နေရာကောင်းပါပဲ။
သို့သော်လည်းအသွင်ကူးပြောင်းကာစနိုင်ငံရဲ့
မြို့တစ်မြို့ဖြစ်တာကြောင့် ပြည်ပကလူတွေအတွက် စီးပွားရေးလုပ်ဖို့ ရန်ကုန်မှာ ရုံးခန်းတစ်နေရာစာဆိုတဲ့
စိတ်ကူးကတောင် အခက်အခဲဒုနဲ့ဒေးရှိနေပါတယ်။
မြန်မာမြို့ကြီးသားတွေအကြိုက်အတိုင်းသာမန်
အဲကွန်းတပ်၊ စားပွဲခုံသပ်သပ်ရပ်ရပ်ရှိရုံနဲ့ တော်ပြီဆိုရင်တော့ ပူစရာသိပ်မရှိပေမဲ့
လူတန်းစေ့ ဆိုတဲ့စံနှုန်းမြင့်တဲ့ နိုင်ငံခြားကသူတွေအတွက် ရန်ကုန်မှာ ရုံးခန်းရှာရတာခေါင်းခဲစရာပါ။
![]() |
ရန်ကုန်မြို့လယ်ခေါင် မြင်ကွင်း (ဓာတ်ပုံ-skyscrapercity.com) |
စင်္ကာပူကတိုက်တစ်လုံးစာ
စင်ကာပူက ကြီးမားတဲ့
ရုံးခန်းတာဝါကြီးတစ်ခုမှာရှိတဲ့ ရုံးခန်းနေရာပေါင်းဟာရန်ကုန်တစ်မြို့လုံးမှာရှိတဲ့
ရုံးခန်းနေရာအားလုံးပေါင်းထက် ပိုများတယ်လို့ FMI City၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ယာတို့ကိုဆောက်လုပ်ခဲ့တဲ့
SPA(Myanmar) ဆိုတဲ့ နာမည်ကြီးဆောက်လုပ်ရေးကုမ္ပဏီရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။
နောက်ပြီးရန်ကုန်မြို့လယ်က
ခေတ်မီရုံးခန်းတာဝါနှစ်ခုကိုဖယ်လိုက်ရင် ကျန်ရုံးခန်းတွေ အများစုဟာ ဗြိတိသျှကိုလိုနီခေတ်ကအဆောက်အဦတွေဖြစ်တယ်လို့လည်းအထက်ပါ
စစ်တမ်းမှာဆက်လက်ဖော်ပြ ထားပါသေးတယ်။
မြန်မာဗိသုကာပညာရှင်ကြီးတစ်ဦးဥပမာပေးတဲ့အတိုင်း“ကိုလိုနီခေတ်ကကျွန်တန်းလျားတွေလို”
ဆောက်လုပ်ထားတဲ့ ရန်ကုန်မြို့က ကန်ထရိုက်တိုက် အသစ်၊အဟောင်းအသီးသီးဟာရန်ကုန်ရဲ့ အချက်အခြာနေရာအများစုကိုအခန့်သားမင်းမူပြီးဖြစ်နေတာကြောင့်
ရန်ကုန်မြို့လယ်ခေါင်ဟာ မြို့ပြအင်္ဂါရပ် ဆိုတာနဲ့ ဆက်စပ်ဖို့တောင်မလွယ်ကူပါဘူး။
ဒီလိုအခြေအနေကြောင့်
နိုင်ငံခြားသားတစ်ယောက်အနေနဲ့ မြို့လယ်ခေါင်မှာ ရုံးခန်းထားဖို့ မစီစဉ်တော့ဘဲဆိတ်ငြိမ်တဲ့အခြားနေရာရှာမယ်လို့စိတ်ကူးမိရင်လည်းလက်တွေ့မှာမလွယ်ကူပါ။
အကြောင်းက ရန်ကုန်က လက်ရှိတည်ဆောက်ပြီးရုံးခန်းနေရာတွေရဲ့ ၈၆ရာခိုင်နှုန်းဟာ မြို့တွင်းမှာပဲရှိနေတယ်လို့
SPA(Myanmar)ရဲ့ စစ်တမ်းကဆိုထားလို့ပါ။
လတ်တလောမှာတော့အရင်ဝင်ရောက်နေနှင့်ပြီးသား
နိုင်ငံခြားသားစီးပွားရေးသမားများဟာ ရုံးခန်းပြဿနာကိုဟိုတယ်အခန်းတွေနဲ့ လူနေအိမ်ခန်းတွေကိုငှားပြီးဖြေရှင်းနေကြတယ်လို့
အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတွေထံကသိရပါတယ်။အကျိုးဆက်အနေနဲ့ ယခုနှစ်မှာတိုက်ခန်းငှားရမ်းမှုပမာဏဟာ
ခေါက်ချိုးမြင့်တက်လာတယ်လို့လည်းအကျိုးဆောင်ကုမ္ပဏီတွေကဆိုကြပါတယ်။
ဒါပေမဲ့
ဒီလိုဖြေရှင်းနေကြတာဟာရေတိုသာအဆင်ပြေမယ်လို့ ဝါရင့်အကျိုးဆောင်ကုမ္ပဏီကြီးသုံးခုက တညီတညွတ်တည်းပြောပါတယ်။
ရေရှည်မှာရန်ကုန်ကိုနိုင်ငံခြားကလုပ်ငန်းတွေအမြားအပြားလာရောက်
အခြေစိုက်လာနိုင်ပေမဲ့ “သူတို့ကြိုက်တဲ့ အဆင့်အတန်းမျိုးရှိတဲ့ ရုံးခန်းငှားရမ်းစရာနေရာမရှိသေးဘူး”လို့
“ကိုအောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း” ရဲ့ ပိုင်ရှင် ကိုအောင်ကပြောပါတယ်။
ကိုအောင်ကတော့ရန်ကုန်မြို့မှာဘိဇနက်စင်တာတွေသတ်သတ်မှတ်မှတ်တည်ဆောက်ခြင်း၊
လုပ်ငန်း အမျိုးအစားအလိုက် ရုံးခန်းဇုံများသတ်မှတ်ပေးခြင်း(ဥပမာ-အိုင်တီလုပ်ငန်းတွေချည်းစုစည်းထားတဲ့
Myanmar Info Tech)တို့ဖြင့် အဲဒီပြဿနာကိုဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။
ပေးရတာနဲ့ပြန်ရတာ
စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ရုံးခန်းဖြစ်ဖို့
ဘယ်လိုမှ မသင့်လျှော်တဲ့ စမ်းချောင်းမြို့နယ်က ကျွန်းတောလမ်းမပေါ်က၁၅ ပေ xပေ ၅၀ မြေညီထပ်
တိုက်ခန်းလေးတစ်ခန်းတောင်မျှငှားရမ်းခတစ်လ ၇ သိန်းနီးပါးပေါက်ပါတယ်။
မြန်မာပြည်ကရုံးခန်းငှားခတွေဟာ“ဥရောပနိုင်ငံတွေနဲ့ယှဉ်ရင်တောင်
အရမ်းဈေးကြီးနေပါတယ်”လို့ ဒီနိုင်ငံမှာစီးပွားရေးလာလုပ်တာသုံးနှစ်ရှိပြီဖြစ်တဲ့ ဟောင်ကောင်အခြေစိုက်
Bagan Capital Co.Ltdက မစ္စတာအက်ဗလင် ပက်ကော့ဖ် ကအလင်းခေတ်မဂ္ဂဇင်းကိုပြောပါတယ်။
ရန်ကုန်ကရုံးခန်းနေရာတွေဟာဒီလိုဈေးနှုန်းကြီးမြင့်ပေမဲ့
အချို့သောကွန်ဒိုတိုက်ခန်းတွေမှာဆိုရင် တိုက်ခန်းတစ်ခုကားတစ်စီးပိုင်ခဲ့မယ်ဆိုရင် ကားရပ်စရာနေရာမလောက်ငဘူးလို့
အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။
နိုင်ငံခြားသားတွေဈေးကြီးပေးငှားပြီးရုံးခန်းလုပ်နေကြတဲ့
ကွန်ဒိုတွေကိုအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင်ကိုအောင်က “သာမန်လူနေတိုက်ခန်းနဲ့သိပ်မကွာပါဘူး၊
ဓါတ်လှေကားတတ်ထားပြီး အဆင့်နဲနဲ မြှင့်ထားတာပဲရှိတယ်”လို့ မှတ်ချက်ပြုပါတယ်။
နိုင်ငံခြားသားတစ်ယောက်အနေနဲ့
စီးပွားရေးလုပ်ဖို့အတွက် ရုံးခန်းရှာတဲ့အခါ ကြုံရတဲ့အကျပ် အတည်းကတော့ အရည်အသွေးကောင်းပြီးဈေးနှုန်းသင့်တဲ့
ရုံးခန်းရဖို့ပါပဲလို့ မစ္စတာပက်ကော့ဖ်ကလည်း ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။
စီးပွားရေးဇုန်တွေနဲ့ရန်ကုန်
ရန်ကုန်မြို့လယ်နဲ့
မြို့တွင်းနေရာတွေမှာပဲစီးပွားရေးလုပ်ငန်းတွေ ပြုံတိုးနေတဲ့ ပြဿနာကိုဖြေရှင်းဖို့
YCDC ကဒုတိယဗဟိုစီးပွားရေးဇုန်(Secondary Central Business District) ငါးခု ရန်ကုန်မြို့တော်
နယ်နိမိတ်ထဲမှာဆောင်ရွက်ဖို့ စီမံနေပါတယ်။အကောင်အထည်ဖော်မှာကတော့ မင်းဓမ္မလမ်းဆုံ၊ ၈
မိုင်လမ်းဆုံ၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်၊ကျောက်ရေတွင်း နှင့် ခရေပင်လမ်းဆုံအနီးတို့မှာဖြစ်ပါတယ်။
အဲဒီဒုတိယဗဟိုစီးပွားရေးဇုန်တွေထဲမှာဟိုတယ်တွေ၊
ယာဉ်ရပ်နားစခန်းတွေ၊အိမ်ရာတွေ၊ အများသုံး ပို့ဆောင်ရေးဂိတ်တွေပါသလိုကစားကွင်းတွေတောင်ထည့်ဖို့စီစဉ်ထားတယ်လို့
YCDC က ပြောကြားထား ပါတယ်။
လတ်တလောမှာရန်ကုန်ရဲ့မြေနေရာ၈၈.၅
ရာခိုင်နှုန်းကိုအပိုင်စီးထားတာကပုံပန်းမကျတဲ့တိုက်ခန်းတွေ၊ ညှပ်ပူးညှပ်ပိတ်အိမ်တွေ
ပြည့်နေတဲ့လူနေရပ်ကွက်တွေဖြစ်ပြီးစီးပွားရေးဇုန်တွေကတော့ ရန်ကုန်ရဲ့ ၁.၅ ရာခိုင်နှုန်းသာ
မြေနေရာဝေစုရတယ်လို့ ဌာနဆိုင်ရာတရားဝင်ထုတ်ပြန်ချက်တွေအရသိရပါတယ်။
YCDC
ကစီစဉ်မှုကြောင့် မြို့ဧရိယာအနှံ့ဖြန့်ကျက်နေရာယူထားတဲ့ စီးပွားရေးဇုန်တွေ ပေါ်ပေါက်လာရင်တော့
ရန်ကုန်မြို့ဟာ နိုင်ငံတကာအဆင့်မီရုံးခန်းတွေ၊ အိမ်ခန်းတွေပြတ်လပ်တဲ့ ပြဿနာကနေရုန်းထနိုင်လိမ့်မယ်လို့ထင်ပါတယ်။
အဲဒီအပြင်လက်ရှိရန်ကုန်မှာအမြင့်ဆုံးဖြစ်တဲ့
ကုန်သည်ကြီးများဟိုတယ်ထက် အထပ် ၂၀ ပိုမြင့်တဲ့၄၄ ထပ် အဆောက်အဦတွေကိုဆောက်လုပ်ခွင့်ရဖို့
ပြည်တွင်းကုမ္ပဏီ ၁၄ ခုကဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ ပြည်တွင်းထုတ် Bi WeeklyEleven(စက်တင်ဘာဒုတိယပတ်)ဂျာနယ်ရဲ့သတင်းမှာဖော်ပြထားလို့
ရန်ကုန်ရဲ့ အနာဂတ် နေရေးပြဿနာအတွက် အဲဒီအထပ်မြင့်အဆောက်အဦတွေဟာတစိတ်တပိုင်း ဖြည့်တင်းလာနိုင်စရာ ရှိပါတယ်။
ဒါပေမဲ့
လတ်တလော ပြည်ပကစီးပွားရေးသမားတွေ အလုံးနှင့်အရင်းနှင့် ဝင်လာရင်တော့ အဆင်သင့်မဖြစ်သေးတဲ့ရန်ကုန်ဟာတပြည်သားတွေကို
နွေးထွေးစွာကြိုနိုင်ရှာမှာမဟုတ်ပါဘူး။
ပြည်ပကစီးပွားရေးသမားတွေအနေနဲ့လည်းမြေရိုင်းကိုတူးဖော်ဖို့လာတာလို့
စိတ်ကူးထားရင်တော့ မြေရိုင်းတွေမှာတူးထုတ်စရာသစ်ငုတ်တွေရှိစမြဲပဲဆိုတာနားလည်ကြလိမ့်မယ်လို့ပဲမျှော်လင့်ရပါတော့တယ်။
(၂၀၁၂ ခုနှစ် အောက်တိုဘာထုတ် အလင်းခေတ်မဂ္ဂဇင်း)